သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များကို အရှိန်အဟုန်မြှင့်၍ ပညာရေးဆိုင်ရာကဏ္ဍများကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိသည်။ အခြေခန့်တည်တံ့သော ရိုးရာပိဋကတ်ပညာရေးစနစ်တွင် ခေတ်သစ်နည်းပညာရပ်များဖြင့်မွမ်းမံ၍ အဆင့်မြင့်ပညာရေးတရပ်ကို စနစ်တကျ ဖော်ဆောင်လျက်ရှိသည်။ ရလဒ်အဖြစ် ပညာရည်ထူးချွန်ထက်မြက်သော ကျောင်သား ကျောင်းသူများ မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ နှစ်စဉ် ထုတ်ဝေသော စာအုပ် စာတမ်းများကိုလည်း သီတဂူ ပညာရေးစနစ်၏ အသီးအပွင့်များအဖြစ် တွေ့ မြင်ရမည်ဖြစ်သည်။
ဤစာအုပ်များကို စုစည်း၍ SITAGU STAR WEBSITE ကို ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၇ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၆၈ ခုနှစ် ) တပေါင်းလပြည့်နေ့ သီတဂူဆရာတော်၏ (၇၀) ပြည့်မွေးနေ့တွင် စတင်ခဲ့ပါသည်။ အချိန်နှင့်အလုပ်ကို အခွင့်အရေးအဖြစ် မိမိရရ ယူနိုင်ရန်နှင့် ထိုအချိန်နှင့်အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးနိုင်ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသား ကျောင်းသူတို့၏ ကြိုးပမ်းချက် တစ်ရပ်ဖြစ်သည်။
အထူးအစီအစဉ်အနေဖြင့် သီတဂူဆရာတော်၏ (၆၆) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၀၃ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ် ) တွင်ထုတ်ဝေ သော သီတဂူ ဂုဏဂီတိကာ စာအုပ်ကိုလည်း SITAGU STAR WEBSITE တွင်ဖော်ပြထားသည်။ ထို့ပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနနှင့်ကျမ်းပြု ဌာနမှ စီစဉ်ပုံနှိပ်ထုတ်ဝေသော စာအုပ်များကိုလည်း ဆက်လက်၍ ဖော်ပြသွားမည်ဖြစ်သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသား ကျောင်းသူတို့၏ လတ်ဆတ် ပွင့်လင်း တက်ကြွသော ဖန်တီးမှုများကို မှတ်တမ်းတင်သည့်အနေဖြင့် လမင်းသို့ ဦးခိုက်ခြင်း၊ The Lion’s Outlook၊ ကြယ်စင်သစ် စာအုပ်ငယ်များကိုလည်း SITAGU STAR WEBSITE တွင် တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။
SITAGU STAR WEBSITE ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။