တပည့်-သဇ္ဇန (B.H.U)
Back           Next
  ]]မွေးနေ့လက်ဆောင်}}
 
 

                 (၁၄-၂-၀၇)နေ့က ဒေလီမှ အရှင်က၀ိဓဇ ဖုန်းဆက်၍ စကားပြောဖြစ်ခဲ့သည်။ အကြာင်းကတော့ ဆရာတော်မွေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယ နိုင်ငံရောက် သီတဂူကျောင်းသားများ စုပေါင်းပြီး လက်ကမ်းစာစောင်လေး ထုတ်ဝေဖို့ဖြစ်သည်။ ထို့ကြောင့် ဆရာတော်နှင့်ပတ်သက်ပြီး မိမိနှစ်သက်ရာ ကဗျာ၊ ဆောင်းပါးစသည် တစ်ခုခုရေးသားပေးပို့နိုင်ကြောင်း အသိပေးခြင်းဖြစ်၏။ ဆရာတော်နှင့် ပတ်သက်ပြီး ရေးစရာ ပြောစရာ တွေကတော့ အများပင်ရှိပါ၏၊ သူလည်းသိ ကိုယ်လည်းသိ အားလုံးအသိဖြစ်၏။ တကယ်ရေးကြတော့ ဘာအကြောင်း ဘယ်ကစရေးရမလဲ။ မွေးနေ့ဆိုတော့ မွေးနေ့ဆုမွန်တောင်းလွှာ ရေးမည်လား ဘာရေးရမယ်ဆိုတာ ခေါင်းထဲမှာရှင်းလင်းစွာ ပေါ်မလာခဲ့။ မွေးနေ့ဆုမွန်တောင်းလွှာဖြစ်တဲ့ Happy Birthday To You ဆိုတာကလဲ လူတိုင်း အတွက် မွေးနေ့တိုင်းမှာ အသုံးပြုနေကြသော စကားလက်ဆောင်ဖြစ်လို့ ဘာမှသိပ်ပြီး ထူးခြားမည် မဟုတ်ပါ။ သို့ကြောင့် ဆရာတော်၏မွေးနေ့အတွက် အမှတ် တရဆိုတော့ ဆရာတော်ရဲ့ သြ၀ါဒစကားတွေထဲက တစ်ခုလောက်ကိုပဲ ထပ်ဆင့်ဝေငှလိုက် ချင်ပါတယ်။ ဒီစကားလေးဟာလဲ မိမိရဲ့ကိုယ်တိုင် အတွေ့အကြုံ လေးတစ်ခုကြောင့် အမြဲတမ်းအမှတ်ရနေပါတယ်။ နောက်ပြီး အများအကျိုးအတွက် အထူးသဖြင့် သာသနာတော်အတွက် အလုပ်လုပ်နေကြတဲ့ နောင်တော် ညီတော် ရဟန်းတော်များအနေနဲ့ မှတ်သားသင့်တယ်လို့ ယူဆမိလို့ပါ။
                 ၂၀၀၀-ခုနှစ်သည် ကမ္ဘာမှာထင်ရှားတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေ ရှိခဲ့တယ်ဆိုတာ အားလုံးပြန်လည် သတိရစေချင်ပါတယ်။ လောက ရေးရာနှင့်ပတ်သက်လို့ Y2K ကိစ္စ၊ ဘာသာရေးနှင့် ပတ်သက်လို့ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်ကြီးများ ထိပ်သီးညီလာခံ-ဆိုတဲ့ အကြောင်းအရာတွေကြောင့် ထူးခြားတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှစ်မှ နှစ်ဆယ့်တစ်ရာစုနှစ်သစ်ဆီသို့ ကူးပြောင်းတဲ့ကာလ၊ ဒီလိုအချိန်မှာ နိုင်ငံခေါင်းဆောင်ကြီးများ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနှင့် မိမိတို့ကမ္ဘာကြီးအတွက် နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များကို ဘယ်လို လက်ဆင့်ကမ်း အမွေတွေပေးခဲ့ကြမလဲဆိုတာ ဆွေးနွေးတိုင် ပင်ကြသလို တစ်ဖက်မှာလဲ ကမ္ဘာ့ဘာသာပေါင်းစုံ ဘာသာ ရေးခေါင်းဆောင်ကြီးများဟာလဲ အနာဂတ်ကမ္ဘာကြီးမှာ လူသားတွေ ငြိမ်းချမ်းစွာ အတူနေနိုင်ရေး အတွက် ဘယ်လိုဆောင်ရွက်ကြမလဲ-ဆိုတာတွေကို မျက်နှာစုံညီ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
                 ]]ဒါတွေကို ပြန်လည်သုံးသပ်ကြည့်ယင် ယခုလို နှစ်ဆယ့်တစ်ရာစု Globalization ခေတ်ကြီးမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အဖွဲ့အစည်း လောက်တင် ကြည့်နေသိနေရုံလောက်နဲ့ မလုံလောက်တော့၊ မိမိရဲ့ပတ်ဝန်းကျင်နှင့်ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာတွေကို တခဏချင်းသိနိုင်တာ ကြောင့် အမြဲတမ်းစောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ ဆရာတော်သည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာသာသနာအတွက်သာမက၊ ကမ္ဘာလှည့်ပြီး လူသားအားလုံး ငြိမ်းချမ်းစွာအတူနေနိုင်ရေးအတွက် အမျိုးမျိုးသော Conference, Seminar စတဲ့ ကြီးကျယ်သော အခမ်းအနားပေါင်းများစွာ တက်ရောက် ဟောပြောဆွေးနွေးခဲ့ပါတယ်။ အထက်ပါ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်ကြီးများ ညီလာခံမှာလဲ ကိုယ်တိုင်တက်ရောက် ဟောပြောဆွေးနွေးခဲ့ပါတယ်။ ထိုထောင်စုနှစ် အစည်းအဝေးကြီးမှာ ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းစွာ အတူနေနိုင်ရေးအတွက်-ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေးစနစ် ဘာသာရေးနှင့်ဆိုင် သော ပညာရေးစနစ် စိတ်ဓာတ်နှင့်အတွေးအခေါ်ဆိုင်ရာ ပညာရေးစနစ်များကို တိုင်းပြည်အသီးသီး၏ ယဉ်ကျေးမှု၊ လူနေမှုစနစ်နှင့် ကိုက်ညီစွာ ရေးဆွဲလုပ်ကိုင် ဆောင်ရွက်သင့်ကြောင်းနှင့် ထို့ပြင်တစ်ခုတည်းသောလမ်းပေါ်မှာ အတူလက်တွဲလျှောက်လှမ်းနိုင်ဖို့အတွက် တူညီသောမျှော်လင့်ချက်၊ တူညီသောယုံကြည် ချက်၊ တူညီသောခံယူချက်၊ တူညီသောအတွေးအခေါ်နှင့် တူညီသောစီမံချက်များ ချမှတ်ကာ-
ညီညွတ်သောဘုရင့်နိုင်ငံတော်                    United Kingdom (U.K)
ညီညွတ်သော ပြည်နယ်များ                        United States (U.S)
ညီညွတ်သော နိုင်ငံများ                              United Nations (U.N) တို့ကဲ့သို့
ညီညွတ်သော ဘာသာရေးအဖွဲ့အစည်းများ United Religions (U.R) ဆိုပြီး တစ်ခုတည်းသော အစည်းအရုံးကြီးတစ်ခု တည်ထောင်ဖို့ လိုအပ်ကြောင်းတို့ကို အကြုံပြုတင်ပြဆွေးနွေး ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပင် ထိုင်းနိုင်ငံမှာကျင်းပသည့် ကမ္ဘာဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီးမှာလည်း အပြည်ပြည် ဆိုင်ရာဗုဒ္ဓ တက္ကသိုလ်ကြီးတစ်ခုနှင့် ရုပ်သံလွှင့် ဌာနကြီးတစ်ခု တည်ထောင်ဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ခဲ့ပါသေးတယ်။
                 ဆရာတော်သည် ထိုသို့သော နိုင်ငံရပ်ခြားတိုင်းပြည်များသို့ အမျိုးမျိုးသောထိပ်သီးညီလာခံ နှီးနှောဖလှယ်ပွဲများကို တက်ရောက်ခဲ့ပြီး ပြန်ရောက် လာလျှင်လည်း မိမိတို့ သီတဂူကျောင်းတော်သူ/သားများကို မိမိရဲ့အတွေ့အကြုံများ၊ အတုယူစရာသင်္ခန်းစာများ၊ ရှောင်ကြဉ်စရာများနှင့် လိုက်နာမှတ်သား စရာများကို ပြန်လည်ပြောပြလေ့ရှိပါသည်။ ယခုလည်းထိုင်းနိုင်ငံ အစည်းအဝေးမှာ တွေ့ကြုံကြားသိခဲ့ရသော အချို့အချို့သော ကိုယ်စားလှယ်တော်များရဲ့ ဟောပြောချက်များထဲမှ ဂိုဏ်းဂဏအစွဲနှင့် ပတ်သက်သော ဟောပြောချက်ကို ပြန်လည်ပြောပြပါသည်။ ]]အချို့အချို့သော ကိုယ်စားလှယ်တော်များသည် အကြောင်းအရာ တစ်ခုကိုမပြောဆိုမီ ]မိမိတို့ ဘယ်နိကာယ ဘယ်ဂိုဏ်းကတော့} ဆိုတဲ့စကားလုံးကို အထူးအသုံးပြုပြောဆိုခဲ့ကြတယ်၊ တို့ကတော့ အားလုံး ဟာ ဘုရားသားတော်ချည်းဖြစ်လို့ သာသနာတော်-ဆိုတဲ့ စကားလုံးကိုပဲသုံးတယ့်}}။ မှန်ပါသည်၊ စကားလုံးတစ်လုံးစီရဲ့ အကျယ်အ၀န်း အတိမ်အနက်ကိုက ကွာခြားလွန်းလှသည်။ အထူးရှင်းပြစရာ လိုမည်မထင်ပါ၊ ဒီကိစ္စ နှင့်ပတ်သက်၍ ဆရာတော်က တပည့်များကို ]မင်းတို့လဲ နောင်တစ်ချိန် ခေါင်းဆောင်တွေ ဖြစ်ကြမှာဆိုတော့ ဒီလိုကျဉ်းမြောင်းတဲ့ အယူအဆ အတွေးအခေါ်တွေကို ခေါင်းထဲမှာ မထားကြဖို့} ကို မှတ်ချက်ချပြောဆိုဆုံးမခဲ့ပါတယ်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့မှ စီးဆင်းလာသော ရေတို့သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ ရောက်တဲ့အခါ ရှေးအမည်များ ဟောင်းကိုပျောက်၍ မဟာသမုဒ္ဒရာ ဆိုတဲ့အမည်ရသလို အမျိုးလေးပါးတို့မှ ရောက်လာ၍ သာသနာတော်တွင်းသို့ ၀င်ရောက်လာကြသော ရဟန်းတော်များသည်လည်း သာကီ နွယ်ဖွား ဘုရား သားတော်တည်းဟူသော အမည်တစ်ခုတည်းသာဖြစ်တယ်ဆိုတာ သာသနာတော်ရဲ့ အံ့ဖွယ်တစ်ပါး ဖြစ်ပါတယ်။ ဒါတွေကို နှလုံးမူ၍ နောင်တစ်ချိန် ခေါင်းဆောင်တွေ ဖြစ်လာကြမည့် ညီတော် နောင်တော်များ အနေနဲ့ မျက်စိကို မြင်နိုင်သမျှ ဖွင့် နားကို ကြားနိုင်သမျှ စွင့်လျက် မိမိရဲ့ဘာသာ သာသနာ တိုင်းပြည် နှင့်လူမျိုးအတွက် သာမက လူသားအားလုံး ငြိမ်းချမ်းစွာ အတူ လက်တွဲ နေနိုင်ရေးဆိုတဲ့ လောကအတွက်ပါ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင် ကျဉ်းမြောင်းတဲ့ အယူအဆ အတွေးအခေါ် များကို ပယ်ဖျောက်ကာ ကျယ်ပြန့်သော အမြင်၊ နက်နဲသော အတွေးအခေါ်များကို ခေါင်းထဲမှာ ထည့်ထားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။
ဆရာတော်၏ သက်တော် (၇၀)ပြည့်နှစ် မွေးနေ့ကို ဂုဏ်ပြု ပူဇော်ပါသည်။

     
|
|
|
|
 
Copyright 2007 © Sitagu Star. All rights reserved.