၂၀၀၁-ခုနှစ်က ဒေလီမြို့တော်ကြီးကို ည(၈)နာရီအချိန် တစ်ယောက်တည်း ယောင်ချာချာ ရောက်လာခဲ့သည်။ နယူးဒေလီ ဘူတာကို ရောက်တော့ လိမ်မည့် ညာမည့်သူတွေက ဆီးကြိုနေခဲ့ပါသည်။ ကိုယ်က မရောက်ဘူးတော့ လိမ်ချင် လိမ်ပါစေ၊ ကိုယ့်သွားချင်တဲ့ နေရာကိုရောက်အောင်ပို့ပေးလျှင် တော်ပါပြီ၊ သူတို့လိမ်လျှင် ပိုက်ဆံ တစ်ရာ နှစ်ရာဘဲပေါ့။ ဒါလောက်တော့ ရင်းရမှာဘဲလို့စိတ်ထဲမှာ ဆုံးဖြတ်ထားသည်။
ဒေလီမှာနေကြတဲ့ မြန်မာလူမျိုး တစ်ယောက်ကိုမျှ ကိုယ်ကမသိ။ တခြားဦးဇင်းတစ်ပါးက ပေးလိုက်သည့် ကုလားကျောင်းလိပ်စာတစ်ခုတော့ လက်ထဲမှာရှိသည်။ ပါလာတဲ့ လက်ဆွဲအိတ်တွေကို ကူလီကလိုက်ထမ်းပေးပြီး ရူပီး (၃၀)အစား (၈၀) တောင်းယူလိုက်သည်။ များမှန်းသိပေမဲ့ ပေးလိုက်သည်။ လက်မှတ်ပွဲစား က (၆၅)ရူပီးအစား (၂၀၀)တောင်းသည်။ ပေးလိုက်သည်။ လိပ်စာအတိုင်း လိုက်ပို့ပေးသည့် ကားသမားကို ကျေးဇူးတင်ရမလို ဖြစ်နေသည်။
ကုလားကျောင်းကိုရောက်တော့ ကျောင်းထိုင် မြန်မာဆရာတော်မရှိပေမဲ့ ကပ္ပိယမြန်မာဒကာက ကူညီနေရာချပေးလို့ လုံခြုံစိတ်ချစွာ အိပ်စက် အနားယူရင်း ]]တို့ မြန်မာပိုင် မြန်မာဘုန်းကြီးကျောင်းရှိလျှင် ကောင်းမှာပဲ}} လို့စိတ်ကူး တစ်ချက်ရမိလိုက်သေးသည်။
ဒေလီတက္ကသိုလ် ကျောင်းဝင်ခွင့်တွေကို ဗီယက်နမ်တွေက လိုက်ကူညီပေးသည်။ ၀င်ခွင့်လုပ်ရတာ လွယ်အောင်လို့ဆိုပြီး တက္ကသိုလ်နားက အိမ်ခန်းတစ်ခုကို တစ်နေ့ ရူပီး(၁၀၀) နှုန်းနဲ့ ရက် (၂၀) နေခဲ့သေးသည်။ ၀င်ခွင့်ကိစ္စတွေ အားလုံးပြီးတော့ ကံကောင်းထောက်မစွာနဲ့ တက္ကသိုလ် Campus ထဲက International Students Hostel မှာ နေခွင့်ရခဲ့သည်။ ၀င်ခွင့်ရတာနဲ့ အဆောင်ဝင်ကြေး အားလုံးစုစုပေါင်း (၃) လစာ ရူပီး ၁၆,၀၀၀/ - (US $ 400/-) ပေးရသည်။ ]]ဟူး နေရေး ထိုင်ရေးကိုက မလွယ်ပါလားနော်}}။ အားလုံး စုစုပေါင်း ဒေါ်လာ ၅၅၀/- ကို ကျောင်းဝင်ကြေးအတွက် ပေးပြီးပြီဆိုတော့ လက်ထဲ ပါလာတဲ့ပိုက်ဆံက ဒေါ်လာ ၁၀၀ ပဲ ကျန်တော့သည်။ မြန်မာပြည် ဘုန်းကြီးကျောင်းများ၌ ၀င်ခွင့်တစ်ကျပ်မှ မပေးရဘဲ နှစ်ပေါင်းများစွာ နေခဲ့ဘူးတာတွေကို ပြန်လည်သတိရပြီး ကျေးဇူးတင်နေရပါသည်။
၂၀၀၁၊ ခု ၂၀၀၄၊ ခုနှစ်အတွင်း ဒေလီမြို့ကို အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြတဲ့ မြန်မာတွေ အများကြီးတွေ့ရသည်။ မည်သူမဆို အနည်းနဲ့အများ ဒုက္ခရောက်ကြရသည်။ ဒေလီကို ကျောင်းလာတက်ကြတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေ၊ ဘုရားဖူးလာကြတဲ့သူတွေ၊ အရောင်းအ၀ယ်နဲ့ လာကြတဲ့သူတွေ၊ ဆေးလာကုတဲ့သူတွေ၊ ပတ်စပို့ သက်တမ်းတိုးဖို့လာကြတဲ့သူတွေ၊ ဗီဇာပြဿနာ တက်လို့ရုံးချုပ်ကို လာရှင်းကြရတဲ့ နယ်မှာပညာသင်နေကြ တဲ့ မြန်မာတွေ စသည်စသည် စုံပါသည်။ ဒေလီကို ရောက်ရောက်ချင်း ခေါင်းကိုက်ရတဲ့ကိစ္စက နေထိုင်ရေးဖြစ်သည်။ လုံခြုံရေး၊ သွားလာရေး၊ မိမိနှင့်သင့် တော်မည့် အစားအသောက် ရရှိရေး၊ လူလိမ်တာ မခံရရေး၊ မိမိ သိချင်သည့် မှန်ကန်တဲ့သတင်းအချက်အလက် စုံစမ်းရရှိနိုင်ရေး စသည်စသည်တွေတို့သည် လည်း ဒေသခံ မြန်မာလူမျိုးများနှင့် မတွေ့ရလျှင် လုံးဝ မလွယ်တဲ့ကိစ္စ ဖြစ်ပါသည်။
အိန္ဒိယကိုလာကြသည့်မြန်မာတို့သည် တည်းခိုခန်းတွေ၌ တည်းခိုရသည်ထက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ အထူးအားဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများ၌ နေရသည်ကိုပိုမိုနှစ်သက်ကြပုံရသည်။ ကာလကတ္တား မြန်မာကျောင်း၊ ဗာရာဏသီ မြန်မာကျောင်း၊ ဗုဒ္ဓဂယာ မြန်မာကျောင်း၊ ကုသိနာရုံ မြန်မာကျောင်း၊ သင်္ကဿ မြန်မာကျောင်း၊ သာဝတ္ထိ မြန်မာကျောင်း၊ လုမ္ဗိနီ မြန်မာကျောင်း၊ ပတ္တနား မြန်မာကျောင်း၊ ရာဇဂြိုဟ် မြန်မာကျောင်း စသည် စသည်တို့သည် မြန်မာဘုရားဖူး ရဟန်းရှင်လူတို့တွက် အသောက = စိုးရိမ်စရာမရှိ၊ ၀ိရဇ = စိတ်ညစ်စရာ ကင်း၊ ခေမ =လုံခြုံစိတ်ချရခြင်းဆိုသည့် မင်္ဂလာ ရှိသောနေရာတို့ ဖြစ်လာကြသည်။ သို့သော်လဲ ]]ဧည့်သည်များလာတဲ့အခါ ကျောင်းတွေမှာ မဆံ့တော့လို့ တည်းခိုခန်းတွေမှာ ထားပေးရသည်}}လို့ ဗုဒ္ဓဂယာ မြန်မာကျောင်း ဦးဇင်းတစ်ပါးက ပြောဘူးသည်။
အိန္ဒိယမှာ လ၊ နှစ်ချီပြီး ပညာသင်ယူကြသည့် မြန်မာရဟန်းတော်တို့သည် သူတို့အတွက်နဲ့ ကျောင်းတိုက်ကြီးတွေမှာ တာဝန်တွေမပိအောင် အပြင်၌အိမ်ခန်းငှားနေကြသည်။ ရေရှည်မှာ အဆင်မပြေမှုတွေ တွေ့ကြုံလာသည့်အတွက် စာသင်သားများ သီတင်းသုံးနိုင်သည့် ဘုန်းကြီးကျောင်းတစ်ခု သီးသန့်တည်ထောင်ရန် စုဝေးတိုင်ပင်ခဲ့ကြသည်။ အိန္ဒိယရောက် မြန်မာ ကျောင်းထိုင်ဆရာတော်များနှင့် မြန်မာပြည်ရှိ လေးစားအပ်သော ဆရာတော်ကြီးများရဲ့ သြ၀ါဒကို ခံယူခဲ့ကြပြီး သုံးထပ်ကျောင်းဆောင်တစ်ခုကို ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်နှင့် (၃) ကီလိုမီတာ အကွာ၌အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာ ရဟန်းတော်များ အသင်းကဦးဆောင်၍ တည်ဆောက်နေ သည်။ မကြာသောအချိန်မှာ ပညာသင် မြန်မာရဟန်းတော်များ၊ ဘုရားဖူး ရဟန်းတော်များ အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံ၊ ချမ်းချမ်းသာသာ သီတင်းသုံး ပညာသင်ယူနိုင်ကြတော့မည် ဖြစ်ပါသည်။
ခေတ်သစ်အိန္ဒိယ
အိန္ဒိယနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာနေသော တိုင်းပြည်တစ်ခု ဖြစ်သည့်အားလျော်စွာ တစ်နေရာနှင့်တစ်နေရာ သွားလာရတာ လွယ်ကူ သည်။ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးပစ္စည်းတို့သည်လည်း ဟင်းသီးဟင်းရွက်ကဲ့သို့ ၀ယ်ရတာလွယ်ကူသည်၊ လွတ်လပ်စွာ အသုံးပြုလို့ ရသည်။ ဆန် ဆီ ဆား သီးနှံ သား ငါးလဲ ပေါများသလို တခြားနေ့စဉ်လူသုံးကုန် ပစ္စည်းတွေကလဲ ၀ယ်ရတာ လွယ်ကူသည်။ လမ်းဘေးအိပ်၊ လမ်းဘေးမှာ စား သည့် ကုလား ဆိုက်ကားသမားများသည်ပင် မိုဘိုင်ဖုန်း သုံးစွဲနိုင်သည်ကို တွေ့နေရသည်။ အမှန်အကန် မီးကြေးဆောင် အသုံးပြုသည့် နေရာတို့၌ မီးပျက် ခဲသည်။ မီးပျက်လျှင်လဲ ချက်ချင်းပြင်ဆင်ပါသည်။ တခါတရံ မီးပျက်သော်လည်း များသောအားဖြင့် အချိန်ပြည့်လျှပ်စစ်မီးလာနေတတ်သည်။ ကား ဆိုင်ကယ် စက်ဘီး စသည်တွေကလဲ ဈေးသက်သာသလို ၀ယ်ရတာလဲ အင်မတန်လွယ်ကူသည်။ စက်ဆီ အမျိုးမျိုးကို တောရော မြို့ပါ လွယ်လင့်တကူ လွတ်လွတ်လပ်လပ်နဲ့ (၁၀) မိနစ်အတွင်း ၀ယ်လို့ရသည်။ ဂက်စ် မီးဖိုကို အိမ်တိုင်ရာရောက် လာရောင်းသည်။ မှတ်ပုံတင် ထားစရာ မလိုပါ။ အဆောက် အဦသုံး ပစ္စည်းများကလဲ အလျှံပယ် ပေါသည်။
ကွန်ပြူတာနှင့်ပတ်သက်သော Software, Hardware တွေကလဲ ကြိုက်တာ ၀ယ်သုံးလို့ရသည်။ စာအုပ်စာတမ်းတွေ အင်မတန်ပေါသည်။ လိုချင်တာဝယ်လို့ရသည်။ ကိုယ်ကြိုက်တာရေးပြီး မည်သူ့ဆီကမှ ခွင့်ပြုချက် ယူစရာ မလိုဘဲ ထုတ်ဝေလို့ရသည်။ ဘဏ်စနစ်တွေကလဲ ကမ္ဘာ့ဘဏ်ကြီးတွေနှင့် ရင်ဘောင်တန်းနိုင်ပါသည်။ ATM card, Credit card ရှိလျှင် အိန္ဒိယတစ်ခွင် နေရာတိုင်းလိုလိုမှာ (၅)မိနစ် (၁၀)မိနစ်အတွင်း ငွေထုတ်လို့ရသည်။ တခြား တိုင်းပြည်တွေမှာ လုပ်ထားသည့် Credit Card တိုဖြင့်လည်း အိန္ဒိယဘဏ်တွေမှာ လွယ်လွယ်လေး ငွေထုတ်လို့ရသည်။ မြန်မာတွေအတွက် အိန္ဒိယပညာရေး
အိန္ဒိယ၌ တက္ကသိုလ်ပေါင်း (၄၀)ကျော် ရှိသည်။ မည့်သည့် တက္ကသိုလ်မဆို မြန်မာတွေ ပညာသင်လို့ရသည်။ မြန်မာရဟန်းတော်များကို ဓမ္မာစရိယ အောင်လက်မှတ်ဖြင့် သင်ကြားခွင့်ပေးထားသည့် တက္ကသိုလ်တွေ အများကြီးရှိသည်။ ကုလားသံဝဲ၀ဲနှင့် အင်္ဂလိပ်စကား ပြောကြားနိုင်သည့် လူတွေလဲ ဒုနဲ့ဒေး ရှိသည်။ ယခုအခါ မြန်မာနိုင်ငံသား ရဟန်းတော် (၂၅၀) ကျော်တို့သည် အိန္ဒိယရှိ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ယူနေကြသည်။ မည့်သည့်ပညာရပ်ကို မဆို လွတ်လပ်စွာ သင်ကြားခွင့်ပေးထားသည်။
အိန္ဒိယနှင့်ဘာသာရေး
အိန္ဒိယ၌ ဘာသာပေါင်းစုံရှိသည်။ အိန္ဒိယနိုင်ငံသည် အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဂျိန်း၊ ဂျူး၊ ပါဆီ၊ ဗုဒ္ဓဘာသာ၊ ဘဟားအီးလ် နှင့် ဟိန္ဒူ ဂိုဏ်းကွဲ အမျိုးမျိုး စသည်တို့ စုပေါင်းတည်ရှိရာ တိုင်းပြည်ဖြစ်ပါသည်။ တိုင်းပြည် အစိုးရသည် ဘာသာတိုင်းကို လေးစားသမှုပြုသည်။ လေးစားခြင်းမရှိဘဲ တခြား ဘာသာဝင်များကို စော်ကားလျှင် အိန္ဒိယသည် ပြိုကွဲသွားနိုင် သည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မကူညီသော်တောင်မှ နှောက်ယှက်မှုမပြုပေ။ အိန္ဒိယနှင့်ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ရှေးဟောင်းနေရာများကို အိန္ဒိယနိုင်ငံ နေရာအတော်များများ၌ ယခုတိုင်တွေ့ရှိနိုင်သလို အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓ ဘာသာ ၀င်ဦးရေလဲ တနေ့တခြားတိုးတက်များပြားလာလေသည်။ ပညာတတ် သူတော်ကောင်း ထေရ၀ါဒရဟန်းတော်များ၏ ဦးဆောင်မှုကို အပြည့်အ၀ မရရှိကြသေး သလို တချို့ရဟန်းတော်၏ ဦးဆောင်မှုကိုလည်း မခံယူတတ်ကြသေးပေ။
မိမိတို့ မြန်မာလူမျိုးအများစုတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အားလျော်စွာ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားနှင့် ပတ်သက်သော နေရာများကိုလည်းကောင်း အင်မတန်မြတ်နိုး တန်ဘိုးထားကြပါသည်။ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရရှိရာနေရာသည်လည်းကောင်း၊ ဓမ္မစကြာ ဟောကြားရာ မိဂဒါဝုန်သည်လည်းကောင်း၊ နှစ်ပေါင်း (၂၀) ကျော် သီတင်းသုံးခဲ့ရာ သာဝတ္ထိမြို့အနီး ဇေတ၀န်ကျောင်းတော်သည် လည်းကောင်း၊ ပရိနိဗ္ဗာန်စံရာ ကုသိနာရုံသည်လည်းကောင်း၊ မဟာသတိပဋ္ဌာန်သုတ် ဟောကြားရာ ကုရုတိုင်း ကမ္မာသဓမ္မသည်လည်းကောင်း၊ ရာဇဂြိုဟ် ဝေဠုဝန် ကျောင်းတော်၊ ပါဋလိပုတ်၊ ဝေသာလီ၊ နာလန္ဒာ စသည် စသည် ပါဠိတော်တို့၌ အထင်ကရ ဖြစ်သော မြို့တော်၊ ကျောင်းတော်ကြီးများကို ယနေ့တိုင် အိန္ဒိယ၌ တွေ့မြင်နိုင်ပါသည်။ ထိုမြို့ အမည် ကျောင်းအမည်တို့သည် ]]ပုံပြင်ဒဏ္ဍာရီမဟုတ်၊ အမှန်တကယ်ဖြစ်ခဲ့ပါသည်}} ဆိုတာကို အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာနက သမိုင်းမှတ်တိုင် ထူထားပါသည်။ ပထ၀ီအနေအထား
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း မိုင်ပေါင်းများစွာ ကုန်ကြောင်း ရေကြောင်းဆက်စပ်နေပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခါးသီး မုန်းတီးရလောက်အောင် သမိုင်းစစ်ပွဲများမရှိခဲ့သလို ယခုပစ္စုပ္ပန်မှာလဲ ဆက်ဆံရေးကောင်းမွန်သည်၊ နောင်အခါတွင်လည်း ဆက်လက်ကောင်း နေမည် ဖြစ်သည်။ နောင်တစ်ချိန်တွင် နှစ်နိုင်ငံအတွင်း ကုန်တင်ကားကြီးများ၊ ခရီးသည်တင်အဝေးပြေး ဘတ်(စ်) ကားကြီးများ၊ မီးရထားကြီးများ ပြေးဆွဲ ကောင်း ပြေးဆွဲနိုင်သည်။ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံ တည်ရှိနေသမျှ ကာလပတ်လုံး အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ထိတွေ့ဆက်ဆံနေကြရမည်ဖြစ်သည်။ ဘာသာရေး၊ ပညာရေး၊ စီးပွားရေးများကို အကြောင်းပြု၍ မြန်မာလူမျိုးတို့သည် အိန္ဒိယကို အမြဲမပြတ် ရောက်နေကြမည်ဖြစ်သည်။
မြို့တော်
ဒေလီမြို့သည် အိန္ဒိယနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်။ ဒေလီတက္ကသိုလ်သည် ဒေလီမြို့တော်၌ရှိ၍ အိန္ဒိယရှိတက္ကသိုလ်ကြီး (၇) ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ထိုတက္ကသိုလ်ကြီး၌ မြန်မာရဟန်းတော်များ ပညာသင်ယူခွင့် ရှိသည်။ ယခုအခါ ဒေလီတက္ကသိုလ်၌ မြန်မာပညာသင် ရဟန်းတော် (၁၆)ပါးတို့သည်အခက်အခဲများစွာကိုအန်တုရင်း M.A, M.Phil, Ph.D တန်းများကို တက်ရောက်သင်ယူနေကြသည်။ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်မတည် တည်ထောင်ထားသော သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတော်လေးသည် ထိုရဟန်းတော် (၁၆) ပါးတို့၏ စိတ်ပင်ပန်းမှုတွေ ကင်းဝေးရာ၊ လုံခြုံရာ၊ ဘေးကင်းရာ၊ မြန်မာထမင်း၊ မြန်မာဟင်းဘုဉ်းပေးနိုင်ရာ နိဗ္ဗာန်လေးတစ်ခု ဖြစ်နေသည်။ ထိုသီတဂူဗုဒ္ဓ၀ိဟာရကို ၂၀၀၆-ခုနှစ် ဇန်န၀ါရီလဆန်း (၁) ရက်နေ့တွင် ဒေလီတက္ကသိုလ်၌ ပညာသင်နေကြသော ရဟန်းတော်များ နေရေးထိုင်ရေး၊ စားသောက်ရေး အခက်အခဲများ မရှိစေရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခဲ့သည်။ ဒေလီမြို့တော်နှင့် သီတဂူဗုဒ္ဓ၀ိဟာရ
အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေကြသော မြန်မာတို့သည် ပတ်စပို့သက်တမ်းတိုးရန်ကိစ္စ၊ ဗီဇာ အသစ်လျှောက်ထားရန်ကိစ္စ၊ ကျောင်းတက်ရန်ကိစ္စ၊ စာအုပ်စာတမ်းများ ၀ယ်ရန်ကိစ္စစသည်ဖြင့် ရောက်လာကြသောအခါ သီတဂူဗုဒ္ဓ၀ိဟာရသည် ၄င်းတို့အတွက်လဲ ဘေးကင်း လုံခြုံ စိတ်ချမ်းသာမှုရသော ဗိမာန်လေးတစ်ခု ဖြစ်သွားသည်။ ကျန်းမာရေး အတွက် မြန်မာပြည်မှ ဆေးလာကုကြသော လူနာအချို့သည်လည်း သီတဂူဗုဒ္ဓ၀ိဟာရ၏ အရိပ်အာဝါသအောက်သို့ ရောက်လာကြ၏။ စိတ်ချမ်းသာမှုနှင့် လုံခြုံနွေးထွေးမှုကို ရကြသဖြင့် ]]ရောဂါတစ်ဝက် ပျောက်သွားသည်ဟု ခံစားရသည်၊ အားအင်တွေ အလိုအလျောက် ပြည့်သွားသည်}} ဟု ပြောသွားကြသည်။ ဘုရားဖူးကြွလာကြသော ဆရာတော်များသည်လည်း ]]သစ်တစ်ပင်ကောင်း၊ ငှက်တစ် သောင်းနားနိုင်၏။ အရှင် (သီတဂူဆရာတော်) ၏ ဘုန်းတန်ခိုးအာနုဘော်ကြောင့် များစွာသောလူသားတို့သည် ချမ်းသာသုခကို စံစားကြရပေ၏်}}လို့ သီတဂူ ဆရာတော်၏ ကျေးဇူးကြီးမားပုံတို့ကို ဖွင့်ဟမိန့်ဆိုသွားကြကုန်၏။
သို့သော် ဒေလီသီတဂူဗုဒ္ဓ၀ိဟာရကျောင်းသည် (၁) နှစ်ကျော်သက်တမ်းမျှသာ ရှိသေး၏။ ကျောင်းတော်သည် အသက်လည်းငယ်၏၊ အရွယ်လည်း နုသေး၏။ နှစ်ယောက်အိပ် အိပ်ခန်း (၃) ခန်း၊ ဧည့်ခန်း (၁) ခန်း၊ ရေချိုးခန်း (၂) ခန်း၊ ထမင်းစားခန်း (၁) ခန်း၊ မီးဖိုချောင် (၁) ခု မျှသာပါဝင်လေသည်။ သီတဂူဗုဒ္ဓ၀ိဟာရသည် များစွာသော လူသားတို့အား များစွာသော အကူအညီကို ပေးလို၏။ သို့သော် သီတဂူကျောင်းတော်ကား သေးငယ်သောကြောင့် အားရ ပါးရ အများကြီးကူညီမှု မပေးနိုင်သည်ကို စိတ်မကောင်းဖြစ်ရ၏။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ဗုဒ္ဓတရားတော်များထွန်းကားပြန့်ပွားရေးအတွက် (တနည်းအားဖြင့်) သူတော်ကောင်းတရားများ လူသားတို့နှလုံးသား၌ ကိန်းဝပ်တည်ရှိ၍ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုပမ်းလျက်ရှိသလို လူမျိုးမရွေး ဘာသာမရွေး အားလုံးသော သူများအတွက် ပညာရေး၊ ကျန်းမာရေးတို့ကို ကူညီစောင့်ရှောက်သော ကိုယ်ကျိုးမငဲ့သော အဖွဲ့ကြီးဖြစ်သည်။ သီတဂူ အာယုဒါနဆေးရုံတော်ဖြင့် ကျန်းမာရေးအလှူဒါနကိုလည်းကောင်း၊ သီတဂူ ရေအလှူတော်ဖြင့် စစ်ကိုင်း တောင်ရိုးပျော်သူတော်စင်၊ ဘုရားဖူးဧည့်သည်များကို နေ့စဉ်ရေအလှူဒါနဖြင့်လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖြင့် ပညာဒါနကိုလည်းကောင်း၊ အမေရိကရှိ သီတဂူကျောင်းတော် များဖြင့် တရားဓမ္မအလှူကိုလည်းကောင်း စေတနာကောင်းသက်သက်ဖြင့်သာ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ ပညာသင်များ စေလွှတ်၍လည်းကောင်း၊ နိုင်ငံခြားရောက် ပညာသင် မြန်မာရဟန်းတော်တို့အား ၀တ္ထုငွေထောက်ပံ့ခြင်းဖြင့် လည်းကောင်း အားပေးကူညီလျက်ရှိပါသည်။ ၂၀၀၇-ခုနှစ် ဖေဖေါ်ဝါရီ (၈)ရက်နေ့တွင်ဗုဒ္ဓဂယာမြန်မာကျောင်း၌ US$ 21,200/- ကို အိန္ဒိယရောက် ပညာသင်မြန်မာရဟန်းတော်တို့အား ယခင်နှစ်များနည်းတူ လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ လူသားအကျိုးပြုဆောင်ရွက်နေသော ဗုဒ္ဓဘာသာသာသနာပြု အဖွဲ့ကြီးအတွက် ဗုဒ္ဓဘာသာ၏ ပေါက်ဖွားရာမူလဒေသဖြစ်သော၊ ရှေး ဟောင်း ဗုဒ္ဓဘာသာအမွေအနှစ်တို့ ပေါကြွယ်လှသော၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ အမြောက်အမြားရှိသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနေသော၊ ပညာတတ် အကျင့်ကောင်း ရဟန်းတော်များကို မျှော်လင့်တောင့်တနေသော၊ မြန်မာနိုင်ငံနှင့် နယ်မြေ၊ ယဉ်ကျေးမှု ဆက်နွယ်နေသော၊ ဗုဒ္ဓဘာသာပညာရေး ကို အားပေးသော၊ အသောကဘုရင်ကြီးရဲ့အထိမ်းအမှတ်များကို မြတ်နိုးသော ဤအိန္ဒိယနိုင်ငံတော်ကြီး၌ ယခုလက်ရှိ သီတဂူကျောင်းတော်ထက် ကြီးမားသော သီတဂူကျောင်းတော်ကြီးတစ်ခု လိုအပ်နေသည်ဟု ဦးကု ယူဆနေမိပါသည်။
ဆရာတော်၏တပည့် သီတဂူရဟန်းတော်များနှင့် တိုင်ပင်ကြည့်သောအခါ အများက ဦးကု၏ အကြံပြုချက်ကို သဘောမတူပေ။ အကြောင်းကား - အိန္ဒိယကုလားတို့သည် ယုံကြည်စိတ်ချရသူများ မဟုတ်ပေ၊ အကြောင်း အမျိုးမျိုးပြ၍ လိမ်ညာတတ်သည်။ သီတဂူကျောင်းတော်ကြီးကို ဒေလီမြို့တော် အနီး၌ တည်ထောင်ဘို့ ကြိုးပမ်းခဲ့ဘူးပါသည်။ မြေဈေးတွေ အင်မတန်ကြီး၏။ မြေ (၁) ဧက ကို အနည်းဆုံး ဒေါ်လာ (၂) သိန်းလောက် တန်၏။ အဆောက်အဦပါ ထည့်တွက်လျှင် အများကြီးကုန်ကျနိုင်သည်။ အများကြီး ရင်းနှီးရပြီး ထင်သလောက် အကျိုးမရှိမှာကို စိုးရိမ်ကြ၏။ အကယ်၍ အကောင်အထည် ဖေါ်လျှင် အဆောက်အဦးများ ဆောက်ဆဲကာလတွင် မည်သူတာဝန်ခံနေမည်နည်းဟု ဦးကုကို ၀ိုင်းမေးကြလေ၏။ သီတဂူဦးဇင်းတို့သည် ကလေးများ မဟုတ်ကြပေ၊ သာသနာအတွက်၊ အားလုံးအတွက် အလှည့်ကျနေပြီး စောင့်ရှောက် နေနိုင်သည်ဟုသာ ဦးကုက အဖြေပေး၏။
အိန္ဒိယကုလားတို့သည် ယုံကြည်စိတ်ချရသူများ မဟုတ်သည့်တိုင် အလုပ်တော့ ဖြစ်နေကြသည်။ သီတဂူဆရာတော်၏ အိန္ဒိယနိုင်ငံသား တပည့် တွေ အများကြီးရှိသည်။ မွေးကတည်းက ဗုဒ္ဓဘာသာများဖြစ်ပြီး ယုံကြည်စိတ်ချ ရသောသူတွေဖြစ်သည်။ အိန္ဒိယ အစိုးရ အရာရှိတွေထဲကပင် ဆရာတော်ကို လေးစားသူတွေ အများကြီးရှိသည်။ ထိုသူများနှင့် လက်တွဲဆောင်ရွက်လျှင် တကယ်ဖြစ်နိုင်သည်ဟု ဦးကုက ယုံကြည်သည်။ သီတဂူဆရာတော် ဘုန်း တန်ခိုးနှင့် ဆရာတော်၏ တပည့်ဒကာ ဒကာမတို့၏ စွမ်းပကားကို ယုံကြည်သည်။ အမှန်တကယ် လုပ်လျှင် တကယ်ဖြစ်မည်။ ဒီအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်လျှင် သန်းပေါင်းများစွာသောသူတို့သည် အသောက၊ ၀ိရဇ၊ ခေမ (အေးချမ်းသာယာလုံခြုံမှုရှိသော) ဖြစ်သော သီတဂူ ကျောင်းတော် ကြီးမှ အကျိုးအမြတ်အသီးအပွင့်တို့ကို ဆွတ်ခူးရရှိနိုင်ကြမည်ဟု ဦးကု ယုံကြည်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ---။ |