SITAGU INTERNATIONAL BUDDHIST ACADEMY (S. I. B. A)  

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်သို့ သွားရာလမ်းတွင်တည်ရှိသည်။  အလျားပေ ၁၀၀၀၊ အနံပေ ၉၀၀ ကျယ်ဝန်း သောကျောင်းပရ၀ုဏ်အတွင်း၌် အဓိပတိ ကျောင်းဆောင်၊ ပါမောက္ခချုပ် ကျောင်းဆောင်၊ အုပ်ချုပ်ရေးမှူး ကျောင်းဆောင်၊ မော်ကွန်းထိန်း ကျောင်းဆောင် ၄ ဆောင်တို့သည် တက္ကသိုလ်၏ ထောင့်လေးထောင့်တွင် တည်ရှိပြီး အရှေ့ ၊ အနောက်၊ တောင်၊ မြောက်တွင် ကျောင်းဆောင် ၆ ဆောင် စီ တည်ဆောက်ထား၍ ၂၄ ဆောင်ရှိသည်။  တောင်ဘက်ခြမ်းတွင် အခန်း၃၂ခန်းပါရှိသော ကထိကဆောင်နှင့် ဧည့်ဆောင်ကိုလည်းကောင်း၊ တက္ကသိုလ်၏ အလယ်ဗဟိုတွင် သိမ်နှင့် ဘွဲ့ နှင်းသဘင်ခန်းမကိုလည်းကောင်း၊ တက္ကသိုလ်၏ ပင်မအ၀င်လမ်းကိုလည်းကောင်း စနစ်တကျတည်ဆောက်ထားသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကို ၁၉၉၂ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၅၄ ခုနှစ် ) တွင် စတင်ရေးဆွဲခဲ့ပြီး ၁၉၉၆ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် ) တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။  ၁၉၉၈ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၆၀ ခုနှစ် ) တွင် တက္ကသိုလ်၏ Diploma သင်တန်းများကို စတင် သင်ကြားပို့ချခဲ့သည်။ ၂၀၀၄ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၆၅ ခုနှစ် ) တွင် တက္ကသိုလ်၏ B.A တန်းကို တိုးမြှင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာ သင်ကြားမှုကို အဓိပတိဆရာတော်မှဦးဆောင်၍ ပြည်ပနိုင်ငံများမှ Ph.D ဘွဲ့ရ ရဟန်းတော်များနှင့် M.A ဘွဲ့ရ ရဟန်းတော်များက တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးဦးဆောင်အဖွဲ့သည် တက္ကသိုလ်၏ ပညာရေးစီမံကိန်းများကို စနစ်တကျ ဖော်ဆောင်လျက်ရှိပါသည်။

အင်္ဂလန်နိုင်ငံ မြစ်အလယ် သဲသောင်ပြင် နွားပွဲဈေးမှသည် ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီး ဖြစ်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထနောင်းရိပ်၊ မန် ကျည်းရိပ် စေတီတော်ရင်ပြင်တော်ထက်တွင် ပိဋကတ်စာပေများ ပို့ချသင်ပြခဲ့ရာမှ ယနေ့ ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကြီးများ ပေါ်ပေါက်ခဲ့ရသည်ဟုဆိုလျှင် မမှားပါ။  မြတ်စွာဘုရား၏ တရားတော်များကို ကမ္ဘာသူကမ္ဘာသားတို့ထံ ထိထိရောက်ရောက် လျင်လျင်မြန်မြန် ဖြန့်ဝေနိုင်စေဖို့ နည်းသစ်စနစ်သစ်များဖြင့် အဆင့်ဆင့်တိုးမြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။  လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် ဆိုသကဲ့သို့ အရိုးကို အရွက်မဖုံး၊ အနှစ်ကို အကာ မဖုံးမိစေဖို့ သတိပြု ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။

သီတဂူသည် ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်တို့ဖြင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်၍ လောကနှင့် သာသနာအကျိုးကို ရှေးရှု ဆောင်ရွက် လျက်ရှိသည်။

     
|
|
|
|
 
Copyright 2007 © Sitagu Star. All rights reserved.